APEC ၌ ထရမ့်၏ဩဇာ လျော့ကျနိုင်ဟု စီးပွားရေးပညာရှင် သုံးသပ်
One News
Nov 19, 2026
ပြင်သစ်ရင်းနှီးမြှုပ်နှံမှုဘဏ် Natixis ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင် အလီစီယာ ဂါစီယာ-ဟာရဲရိုက အခုကျင်းပနေတဲ့ APEC ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သိပ်ပြီး ထင်ထင်ရှားရှား ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။
ဒီအစည်းအဝေးရဲ့ အစီအစဉ်တွေကို တရုတ်နိုင်ငံက ဦးဆောင်ချမှတ်ပြီး စီမံဆောင်ရွက်နေတာကြောင့် ဖြစ်တယ် လို့ BBC ရဲ့ Business Today အစီအစဉ်မှာ ဟာရဲရိုက ပြောကြားခဲ့တာပါ။“ထရမ့်ဟာ အခု တရုတ်နိုင်ငံရဲ့ နယ်မြေထဲကို ရောက်နေတာပါ။ ရှန်ကျန်းမြို့ဟာ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်မူဝါဒကို အကောင်းဆုံး ဖော်ပြနေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစည်းအဝေးမှာ ထရမ့်ဘက်က ပုံရိပ်က သိပ်ကောင်းနေမှာ မဟုတ်ပါဘူး။ တရုတ်ဘက်ကတော့ သူတို့ရဲ့ ရပ်တည်ချက်ကို အတော်လေး ယုံကြည်လက်ခံ လာအောင် ပြသနိုင်ပါလိမ့်မယ်။ ဒီထိပ်သီးအစည်းအဝေးကနေ ထရမ့်အနေနဲ့ တစ်စုံတစ်ရာ အကျိုးအမြတ်ရ အောင်လုပ်ဖို့ တော်တော်ခက်ခဲပါလိမ့်မယ်။ ဒါ့အပြင် လာမယ့် ဇန်နဝါရီလမှာ ဒီမိုကရက်တွေက ကွန်ဂရက်ကို ပြန်လည်ထိန်းချုပ်တော့မှာဖြစ်လို့ သူ့အနေနဲ့ အကန့်အသတ်တွေနဲ့ ရင်ဆိုင်နေရပြီးသားပါ။”လို့ အလီစီယာ ဂါစီယာ-ဟာရဲရိုက ပြောပါတယ်။
အမေရိကန်နဲ့ တရုတ်တို့အကြား ယာယီ ကုန်သွယ်ရေးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က လာမယ့် ဇန်နဝါရီ ၁၀ ရက်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ APEC အစည်းအဝေးအတွင်း နှစ်နိုင်ငံအနေနဲ့ အဲဒီသဘောတူညီချက်ကို သက်တမ်းတိုးနိုင်မလားလို့ မေးမြန်းရာမှာတော့ သူက “တော်တော်ခက်ခဲပါလိမ့်မယ်” လို့ ဖြေကြားခဲ့ပါတယ်။ဒါပေမဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ လာမယ့်လ မိုင်ယာမီမြို့မှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးမှာ လည်း တွေ့ဆုံဖို့ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ နှစ်ဖက်စလုံးက အနှစ်သာရ သိပ်မရှိတဲ့ ပူးတွဲကြေညာချက်တစ်စောင်လောက် ထုတ်ပြန်ပြီး လက်ရှိအငြင်းပွားမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာဖို့ အချိန်ပိုယူသွားတာမျိုး ဖြစ်နိုင်တယ်လို့ အလီစီယာ ဂါစီယာ-ဟာရဲရိုက ပြောပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန်ရှိဟု ထရမ့် ပြော
One News
Nov 19, 2026 14အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က APEC ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံဆွေးနွေးမှုတွေမှာ နျူကလီး ယားလက်နက်ဖျက်သိမ်းရေးကိစ္စကို ဆွေးနွေးဖို့ ရှိတယ်လို့ ပြောဆိုခဲ့တာကို Fox News မှာ ဖော်ပြပါတယ်။
-
APEC အစည်းအဝေး၌ AI နည်းပညာအန္တရာယ် သတိထားရန် ထရမ့် ပြော
-
ထရမ့်၏အကျင့်ပျက်မှုနှင့်အက်ပ်စတိန်းအမှု ဒီမိုကရက် စုံစမ်းစစ်ဆေးမည်
-
အမေရိကန်အဝေးပြေးလမ်းမများပေါ် Robotaxi ပြေးဆွဲမှု Waymoယာယီရပ်ဆိုင်း
-
United Airlines ၏နည်းပညာစနစ် ချို့ယွင်းမှု ပြေလည်ပြီဟု ကြေညာ
-
အမေရိကန်တွင် လေကြောင်းခရီးစဉ် နှောင့်နှေးမှုများ ဆက်ဖြစ်နေ